(၂၃-၁၂-၂၀၂၅)ရက်နေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၃)
  • Thu, 8 January 2026

(၂၃-၁၂-၂၀၂၅)ရက်နေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၃)



၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဦးဆောင်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာနိုင်ငံလယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ကျင်းပသည့် လယ်ယာသုံးစက်ကိရိယာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)၌ ကျင်းပသည်။အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာ ဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လယ်ယာသုံး စက်ကိရိယာလုပ်ငန်းရှင်များ၊ တောင်သူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးနှင့် မြန်မာနိုင်ငံလယ်ယာသုံး စက်ကိရိယာလုပ်ငန်းရှိများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဦးတို့က လယ်ယာသုံးစက်ကိရိယာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ရာခိုင်နှုန်း ခန့်သည့် ကျေးလက် ဒေသ များမှဖြစ်ကြပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် တနည်းနည်းနှင့်ဆက်စပ် ဆောင်ရွက်နေ ကြပါတယ်၊ ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍကို အခြေခံပြီး ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအနေဖြင့် ဦးတည်ချက် (၄)ရပ်တွင် “နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ် ဖြစ်သည့် စိုက်ပျိုး ရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး” ကို ဦးတည်ချက် တစ်ရပ်အဖြစ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးစားပေး ဆောင်ရွက်နေသည့် သီးနှံများ၏ ပန်းတိုင်အထွက် နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအား မြှင့်တင်ရေး ၊ မျိုး၊ မြေ ၊ ရေ ၊ နည်းပညာများကို မှန်ကန်အောင်ဆောင်ရွက်နိုင်ရေး၊ မြေဆီလွှာ ကို စနစ်တကျပြုပြင်နိုင်ရေး၊ စိုက်ပျိုးရေကို ကောင်းမွန်တဲ့စီမံ ခန့်ခွဲမှု ဖြစ်စေရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေကြသည့်နေရာတွင် စက်မှုလယ်ယာစနစ် အသုံးပြုနိုင်ရေးသည်လည်း အရေးကြီးကဏ္ဍက နေ ပါဝင်နေကြောင်း။
နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍမှာ စက်ကိရိယာများ ပိုမို အသုံးပြု နိုင်ရန် အတွက် အားပေးကူညီဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ တောင်သူပိုင် လယ်ယာသုံး စက်ကိရိယာများအနေဖြင့် ထွန်စက်ကြီး (၄၃၉၃၉) စီး ၊ လက်တွန်းထွန်စက် (၄၆၂၆၂၇)စီး ၊ ကောက်စိုက်စက် (၁၅၈)စီး၊ လက်ဆွဲကောက်စိုက်စက် (၆၁၀)စီး ၊ လက်ဆွဲမျိုးစေ့ချ ကိရိယာ (၃၇၄၆၇)လက် ၊ ရိတ်သိမ်း ခြွေလှေ့စက် (၁၃၂၁၁)စီး၊ စပါးအခြောက်ခံစက် (၂၁၁၀)လုံးအထိ တိုးတက်ပိုင်ဆိုင်လာ ကြသည်ကို စာရင်းဇယား များအရ တွေ့ရှိ ရကြောင်း။ မြန်မာနိုင်ငံအနေဖြင့် မြေပြုပြင်ခြင်းနှင့် စပါးရိတ်သိမ်းခြွေလှေ့ခြင်း လုပ်ငန်း များတွင် အထိုက်အလျာက် စက်ကိရိယာများသုံးစွဲနေကြပြီ ဖြစ်ပေမယ့် သီးနှံစိုက်ပျိုးခြင်း ၊ အပင်ပြုစုခြင်း ၊ စပါးအပြင်အခြားသီးနှံများ ရိတ်သိမ်းခြွေလှေ့ခြင်း၊ သီးနှံအခြောက်ခံခြင်း စသည့် အခြားစိုက်ပျိုးရေး လုပ်ငန်းစဉ်အဆင့်ဆင့်မှာ စက်ကိရိယာအသုံးပြုမှုသည် အစပျိုးဆောင်ရွက်နေသည့် အဆင့်တွင်ရှိနေပြီး စက်ကိရိယာတွေကို ရာခိုင်နှုန်း ပြည့်သုံးစွဲ နိုင်ရန်ဆိုလျှင် စိုက်ပျိုးရေးလုပ်ငန်းအဆင့်တိုင်းတွင် လယ်ယာသုံးစက်ကိရိယာများ မြောက်များစွာ လိုအပ်နေသေးသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း။
ယခု လယ်ယာသုံးစက်ကိရိယာပြပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာနိုင်ငံလယ်ယာသုံး စက်ကိရိယာ လုပ်ငန်းရှင်များ အသင်းတို့က ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ပြပွဲတွင် လယ်ယာ သုံးစက် ကိရိယာများဖြစ်သည့် ထွန်စက်ကြီးများ၊ စပါးရိတ်သိမ်း ခြွေလှေ့စက်များ၊ စပါးစိုက်စက် များ၊ သီးနှံမျိုးစေ့ချကိရိယာများ၊ ပဲရိတ်သိမ်းခြွေလှေ့စက်များ၊ လက်တွန်းထွန် စက်များ ၊ လက်တွန်းမျိုးစေ့ချစက်များ ၊ မြက်ရိတ်စက်များ၊ ဆေးဖြန်း စက်များ၊ အင်ဂျင်များ၊ ဆန်ကြိတ်စက်၊ စပါးကြိတ်စက်များ၊ နေရောင် ခြည်သုံး ဆိုလာပန့်များ ၊ သီးနှံအခြောက် ခံစက်များ၊ ထွေလာဂျီများ၊ ထွန်စက်ကြီးနှင့်တွဲဘက်သုံးကိရိယာများ အပါအဝင် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုနေကြသည့် လယ်ယာသုံးစက်ကိရိယာ အမျိုး မျိုးကို ပြသထားရှိပြီး တောင်သူများအနေဖြင့် မိမိစိတ်ဝင်စားရာ စက်ကိရိယာများကို အချိန်ယူလေ့လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် လယ်ယာသုံးစက်ကိရိယာများကို မိတ်ဆက် သရုပ်ပြသခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး တောင်သူများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း၊ အရစ်ကျစနစ်ဖြင့်ရောင်းချပေးခြင်းများဖြင့် ဝန်ဆောင်မှုလုပ်ငန်း များလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
ယင်းနောက် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးနှင့် အသင်းဥက္ကဋ္ဌ ဦးနိုင်ဦးတို့က ပြပွဲကျင်းပခြင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ Farmers Choice Tractor Co.Ltd မှ ထွန်စက် နှစ်စီးနှင့် နောက်တွဲကိရိယာ(၂)လက်၊ Myanmar Empire Co.Ltd မှ ဘယ်လာရုစ်နိုင်ငံထုတ် ထွန်စက်တစ်စီးနှင့် Mandalar Shwe Thiha Co.Ltd မှ Sonalika DOHP Tractor အတွက် ပြည်တွင်းဖြစ် Front Doner တစ်လက် တို့ကို ပြည်ထောင်စုဝန်ကြီး ထံ ပေးအပ်လှူဒါန်း ကြရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော လယ်ယာသုံးစက်ကိရိယာပြခန်းများနှင့် လယ်ယာသုံးစက်ကိရိ ယာများ လက်တွေ့မောင်းနှင်သရုပ်ပြသနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြပွဲတွင် မြေယာပြုပြင်ခြင်းလုပ်ငန်းသုံး ထွန်စက်ကြီးအမျိုးမျိုး၊ နောက်တွဲ ကိရိယာများ၊ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ၊ ကြားပေါင်းလိုက်စက်များ၊ ဆေးဖြန်း ကိရိယာများ၊ စပါးရိတ်သိမ်းခြွေလှေ့စက်များ၊ ကောက်ရိုးထုံးစက်များ၊ စပါးအခြောက် ခံစက်များ၊ အာလူးစိုက်စက်၊ အာလူး ဖော်စက်၊ပိလောပီနံစိုက်စက်၊ ပြောင်းရိတ်စက်စသည့် စက်ကိရိယာအမျိုးပေါင်း (၃၀၀) ကျော်ကို ရောင်းချသည့် ကုမ္ဗဏီပေါင်း(၂၂)မှ ပြခန်းပေါင်း (၃၀)ဖြင့် ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ (သတင်းစဉ်)