- Sat, 27 September 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်
လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကို စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာဗဟို သင်တန်းကျောင်း (မိတ္ထီလာမြို့)၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယခုပေးအပ်မည့် သင်တန်းဆင်းလက်မှတ်သည် “မြန်မာနိုင်ငံ၏ ပညာရေးအရည်အသွေးစံသတ်မှတ်ချက်မူဘောင်”၏ အဆင့်(၄)နှင့်ညီမျှသည့် ကျွမ်းကျင်မှုလက်မှတ် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများနှင့်ပတ်သက်သည့် ကိုင်တွယ်အသုံးပြုနည်း၊ မောင်းနှင်နည်း၊ ပြုပြင်ထိန်းသိမ်းနည်းများကို တစ်နှစ်တာ လေ့လာသင်ယူ လေ့ကျင့်ခဲ့ရသည့်အတွက် ကျွမ်းကျင်တတ်မြောက်ပြီဟု ယုံကြည်ကြောင်း၊ ထူးချွန်စွာအောင်မြင်ပါက အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုကျောင်းများတွင် “စက်မှုလယ်ယာနည်းပညာ” ဘာသာရပ်ကို တက်ရောက်သင်ယူနိုင်ပြီး အေဂျီတီအိုင်(ဒီပလိုမာ)လက်မှတ် ကိုရရှိမည်ဖြစ်ကြောင်း၊ သင်ယူတတ်မြောက်ထားသည့် အသိပညာများနှင့် ကျွမ်းကျင်မှုများကို ပိုပြီးမြင့်မားတိုးတက်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ထပ်ဆင့်မျှဝေပေးကြရန် ပြောကြားပြီး သင်တန်းသားများထံ သင်တန်းပြီးမြောက်ခြင်းလက်မှတ်နှင့်ထူးချွန်ဆုများပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း တက်ရောက်နေသော သင်တန်းသားများ၏ စက်ကိရိယာပြင်ဆင်ရေး လက်တွေ့ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် လယ်ယာကဏ္ဍ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ခရိုင်အတွင်း စိုက်ဧကတိုးချဲ့နိုင်ရေး သီးထပ်စိုက်ပျိုးရေးနှင့်ပန်းတိုင်အထွက်နှုန်း ရရှိရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။
