"(၁၇ - ၈ - ၂၀၂၅ )ရက်နေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၁၁)နှင့် မြဝတီသတင်းစာ စာမျက်နှာ (၁၅)"
  • Sun, 17 August 2025

"(၁၇ - ၈ - ၂၀၂၅ )ရက်နေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၁၁)နှင့် မြဝတီသတင်းစာ စာမျက်နှာ (၁၅)"


၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၆)ရက်


စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနက အရည်အသွေး ပြောင်းလဲ ပြုပြင်စမ်းသပ်ထုတ်လုပ်ထားသော အင်ဂျင်ပါဝါသုံး ရှစ်တန်းသွား လူထိုင်စီး ကောက်စိုက်စက်ဖြင့် လက်တွေ့ စိုက်ပျိုးခြင်း သရုပ်ပြပွဲအား ဩဂုတ်လ (၁၆)ရက်နေ့ ညနေပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနစိုက်ကွင်၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တို့ ကြည့်ရှုစစ်ဆေးကြသည်။

ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများအား စံချိန်စံညွှန်များနှင့် အညီ ထုတ်လုပ်နိုင်ရေး ဌာနပညာရှင်များက သုတေသနပြုတီထွင်စမ်းသပ်ပြီး MSMEs လုပ်ငန်းများသို့ နည်းပညာလွှဲပြောင်းပေးရန် လိုအပ်ချက်နှင့် ထုတ်လုပ်လိုက်သည့် စက်ကိရိယာများ၏ နောက်ဆက်တွဲ လိုအပ်လာနိုင်သည့် စက်အစိပ်အပိုင်း အပိုပစ္စည်းများ ဈေးကွက်သို့ ဖြန့်ဖြူးပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှာကြားသည်။

စက်မှုလယ်ယာဦးစီးဌာန မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်)က စမ်းသပ်ထုတ်လုပ် ထားသည့် အဆိုပါရှစ်တန်းသွား လူထိုင်စီး ကောက်စိုက်စက်တွင် အင်ဂျင်ပါဝါငါးကောင်အားကို အသုံးပြုပြီး လယ်တစ်ဧကကို အချိန် တစ်နာရီခွဲ မှ တစ်နာရီ၄၅မိနစ်အတွင်း စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း တောင်သူများ အတွက် တန်ဖိုးသင့်ဈေးနှုန်းဖြစ်စေရန်နှင့် ပေါ့ပါးလွယ်ကူစွာ အသုံးပြုနိုင်ရန် နည်းပညာအတည်ပြုခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ MSMEs လုပ်ငန်းများသို့ နည်းပညာလွှဲပြောင်းပေးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိသည်။