မြေဖော်ထုတ်ခြင်းအကြောင်း

စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ပုံသဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနှင့် အချိုးအစားမညီသော လယ်ကွက်ငယ်များကို စက်ကိရိယာများ စက်စွမ်းအားပြည့် အသုံးပြုဆောင်ရွက်နိုင်သော စက်မှုလယ်ယာစနစ်ကျလယ်ကွက်များအဖြစ်သို့ ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရွှေ့ပြောင်းတောင်ယာစနစ်ကို အမှီပြုနေရသည့် ကုန်းမြင့်ဒေသနေပြည်သူများ လူနေမှုဘ၀ မြင့်မားလာစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရေးအတွက် ကုန်းမြင့်တောင်တန်းဒေသတို့တွင် လှေကားထစ်လယ်ယာမြေ၊ ကုန်းမြင့်လယ်ယာမြေဖေါ်ထုတ်ရေးလုပ်ငန်းများကိုလည်း ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် တစ်ပိုင်တစ်နိုင် အသေးစားလယ်ယာသုံးစက်ကိရိယာများအသုံးပြုနိုင်ရေးအတွက် သရုပ်ပြခြင်း၊ သင်တန်းပေးခြင်း၊ အရစ်ကျဖြန့်ဖြူးပေးခြင်း လုပ်ငန်းများကိုလည်း ဌာနက ဆောင်ရွက်ပေးလျက်ရှိပါသည်။


စနစ်ကျလယ်မြေ/ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်လိုသည့်တောင်သူ/ကုမ္ပဏီ/အဖွဲ့အစည်းများမှ စနစ်ကျလယ်မြေ/ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ပေးပါရန် လျှောက်လွှာနှင့်အတူ သက်ဆိုင်ရာစက်မှုလယ်ယာစခန်း/ရုံးများသို့ ပေးပို့လျှောက်ထားရန် ဖြစ်ပါသည်။