စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်း

လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် အဓိကကျသော အခြေခံအချက်ဖြစ်သည့် စက်မှုလယ်ယာစနစ်ကျလယ်မြေများကို နိုင်ငံတစ်ဝန်းတိုးတက်ပေါ်ထွန်းလာစေခြင်းဖြင့် လယ်ယာကဏ္ဍအား အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပါသည်။


စက်မှုလယ်ယာစနစ်ကျလယ်ကွက်အင်္ဂါရပ်များ


လယ်ကွက်များတွင် ကုန်ထုတ်လမ်းပါရှိခြင်း။

လယ်ကွက်တစ်ကွက်ချင်းအနေဖြင့် စက်စွမ်းအားပြည့် အသုံးပြုနိုင်မည့် လုံလောက်သော အကျယ်အဝန်းရှိခြင်း။

လယ်ကွက်များသည် ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိခြင်း။

မြေမျက်နှာပြင်ညီညာမှုရှိခြင်း။

ရေသွင်း၊ရေထုတ်မြောင်းများပါရှိခြင်း။

ကန်သင်းများကောင်းမွန်ခြင်း။


စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ


စနစ်ကျလယ်ကွက်များတွင် ရေသွင်း၊ ရေထုတ်မြောင်းများပါရှိခြင်းကြောင့် စိုက်ပျိုးသောသီးနှံများအတွက် ရေကို လိုသလို အသွင်း၊ အထုတ်လုပ်နိုင်ခြင်း။

လယ်မြေများ၏ မြေပြင်ညီညာပြန့်ပြူးမှုရှိခြင်းကြောင့် စိုက်ပျိုးရေသုံးစွဲရာတွင် ယခင်သုံးစွဲနေကျ ရေပမာဏထက် လျှော့ချသုံးစွဲနိုင်ခြင်။

လယ်ကွက်များ၏ ပုံသဏ္ဍာန်နှင့် အကျယ်အဝန်းမှန်ကန်ခြင်းကြောင့် စက်ကိရိယာပစ္စည်းများ စက်စွမ်းအားပြည့် မောင်းနှင်အသုံးပြုနိုင်သည့်အပြင် လောင်စာဆီ ကုန်ကျမှု လျော့နည်းသက်သာစေခြင်း။

စိုက်ပျိုးရေအနည်းအများကို လိုသလိုထိန်းညှိနိုင်ခြင်းကြောင့် စပါးပင်ပွားကို လိုသလို မျှတစွာရရှိနိုင်ပြီး သီးနှံအထွက်နှုန်းကို တိုးတက်ထွက်စေနိုင်ခြင်း။

သီးနှံများကို ရိတ်သိမ်းရာတွင် ရိတ်သိမ်းခြွေလှေ့စက်ကြီးများကို အသုံးပြုပြီး အချိန်မီ ရိတ်သိမ်းခြွေလှေ့နိုင်သောကြောင့် သီးနှံအရည်အသွေးကောင်းမွန်ခြင်း၊ အလေအလွင့်နည်းပါးခြင်းနှင့် အထွက်နှုန်းတိုးတက်ရရှိခြင်း။

လယ်ကွက်ဘေးတွင် ကုန်ထုတ်လမ်းပါရှိခြင်းကြောင့် ရိတ်သိမ်းပြီးသည့် သီးနှံများအား အမိုးအကာအောက်သို့ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နှင့် သယ်ယူပို့ဆောင် သိုလှောင်နိုင်မည်ဖြစ်သည့်အတွက် သီးနှံများပျက်စီးလေလွင့်မှု နည်းပါးစေပြီး အရည်အသွေးကောင်းသီးနှံများ ရရှိစေခြင်း။

စနစ်ကျလယ်ကွက်များတွင် လယ်ယာသုံးစက်ကိရိယာများ အချိန်မရွေး၊ ရာသီမရွေး ဝင်ရောက် လုပ်ကိုင်နိုင်မည်ဖြစ်သည့်အတွက် တစ်သီးစားမှ နှစ်သီး၊ သုံးသီးစားထိ တိုးချဲ့ စိုက်ပျိုးနိုင်ခြင်း။


စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ရေးလုပ်ငန်း စီမံကိန်းနေရာရွေးချယ်ခြင်း


စီမံကိန်းဧရိယာအတွင်း ပါဝင်သည့်လယ်သမားအားလုံးသည် လိုလားစွာဆောင်ရွက်ရန် ဆန္ဒရှိခြင်း။

လယ်မြေဖြစ်ပြီး အနည်းဆုံးတစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀)ရှိခြင်း။

အရှုပ်အရှင်းကင်းသည့်(ပုံစံ(၇)ရရှိပြီး) ဦးပိုင်ပေါက်လယ်ကွက်များဖြစ်ခြင်း။

စီမံကိန်းဆောင်ရွက်မှုကြောင့် ပတ်ဝန်းကျင်လယ်မြေများ ထိခိုက်မှုမရှိစေခြင်း။

တောင်သူတစ်ဦးချင်း ပိုင်ဆိုင်မှု ပျမ်းမျှ(၂)ဧကနှင့်အထက် ရှိခြင်း။

ဆည်ရေသောက်စနစ်ခိုင်မာမှုရှိပြီး ဆည်ရေရရှိနိုင်သည့် ဒေသဖြစ်ခြင်း။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း။

လယ်ယာသုံးစက်ကိရိယာများ အသုံးပြုလျက်ရှိခြင်း။

စနစ်ကျလယ်ဖော်ဆောင်ပြီး လယ်ကွက်များအား ရေရှည်တည်တံ့စေရန် ကန်သင်းပြုပြင်ခြင်း၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများပြုပြင်ခြင်း၊ ကုန်ထုတ်လမ်းများထိန်းသိမ်းခြင်းနှင့် လယ်ယာသုံးစက်ကိရိယာများ ရာနှုန်းပြည့်အသုံးချစိုက်ပျိုးနိုင်အောင် အားထုတ်လိုသည့်ဒေသဖြစ်ခြင်း။