ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ
ဒေသအလိုက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုတွင် နှစ်စဉ်ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်နိုင်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ ဆန်ဖူလုံသွားမည် ဖြစ်ပါသည်။
ရွှေ့ပြောင်းတောင်ယာစနစ်ကို မှီခိုနေထိုင်သူဒေသခံများသည် ကောင်းမွန်စွာ အခြေချ နေထိုင်လာပြီး လူနေမှုအဆင့်အတန်း တိုးတက်လာနိုင်ပါသည်။
ကုန်းမြင့်လှေကားထစ်စပါးစိုက်ခင်းကို အခြေခံ၍ နှစ်သီးစားသီးနှံပုံစံသို့ ပြောင်းလဲ စိုက်ပျိုးလာနိုင်ပါသည်။
လှေကားထစ်စိုက်ပျိုးရေးစနစ်ကြောင့် မြေဆီလွှာပျက်စီးပြုန်းတီးမှုကို ကာကွယ် တားဆီးနိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ဖြစ်စေပါသည်။
ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းဆောင်ရွက်ခြင်း အခြေခံမူများ
စိုက်ပျိုးမည့်သီးနှံအမျိုးအစား၊ ရေရှိမှုအခြေအနေ၊ ကုန်းမြင့်၏ ဆင်ခြေလျှောအနေအထား၊ တောင်သူများ၏ဆန္ဒလိုလားချက်များကို ညှိနှိုင်းပေါင်းစပ်၍ တောင်စောင်းလယ်ယာမြေ ဖော်ထုတ်နိုင်ခြင်း (သို့မဟုတ်) လှေကားထစ်လယ်ယာမြေ ဖော်ထုတ်နိုင်ခြင်း (သို့မဟုတ်) တောင်စောင်းလယ်ယာမြေနှင့် လှေကားထစ်လှေကားထစ်လယ်ယာမြေ ပေါင်းစပ်ဖော်ထုတ်နိုင်ခြင်း။
ဒေသခံများ အလွယ်တကူ လက်ခံဆောင်ရွက်နိုင်ခြင်း။
ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးသည့် ဒေသခံများသည် ကုန်းမြင့် လယ်ယာမြေဖော်ထုတ်ရာတွင် ပါဝင်ပူးပေါင်းအကောင်အထည်ဖော်ခြင်း။
မြေဆီလွှာပျက်စီးဆုံးရှုံးမှုကို တားဆီးကာကွယ်နိုင်ခြင်း။
ဝင်ငွေရသီးနှံ တစ်မျိုးမျိုးကို အခြေခံပြီး သီးထပ်သီးနှံတစ်မျိုး စိုက်ပျိုးနိုင်ခြင်း။
ဒေသဝမ်းစာဖူလုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို အထောက်အကူပြုခြင်း။
ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်း စီမံကိန်းနေရာရွေးချယ်ခြင်း
ရွေ့ပြောင်းတောင်ယာ လုပ်ကိုင်နေသူများ လက်ရှိနေထိုင်သောအခြေအနေနှင့် အသင့်လျော်ဆုံး နေရာဖြစ်ခြင်း။
စိုက်ပျိုးရန်မြေသဘာဝအခြေအနေပေးသည့်နေရာဖြစ်ခြင်း။
တောင်စောင်းဆင်ခြေလျှောအနေအထားအပေါ်စိစစ်ရွေးချယ်ခြင်း။
ကျေးရွာသစ်ထူထောင်ရန်လိုအပ်ပါက ပြန်လည်နေရာချထားရန် သင့်လျော်သည့်နေရာ ဖြစ်ခြင်း။
