လက်ရှိကျင့်သုံးဆောင်ရွက်နေသော သမားရိုးကျ လယ်ယာစိုက်ပျိုးရေးစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးအတွက် စက်ကိရိယာများ တိုးတက်သုံးစွဲလာသည်နှင့်အမျှ လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်စွာ မောင်းနှင်ပြင်ဆင်နိုင်မည့် စက်မှုလယ်ယာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးနှင့် စက်မှုလယ်ယာအသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ “လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရသင်တန်း” (၁)နှစ်သင်တန်းကို စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း မိတ္ထီလာမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစ၍ ဖွင့်လှစ်ပို့ချလျက်ပါသည်။
ဤသင်တန်းသည် Myanmar National Qualification Framework (MNQF) ၏ အဆင့်(၄)နှင့် ကိုက်ညီမှုရှိသည့်အပြင် ထူးချွန်သင်တန်းသားများအား ထူးချွန်မှုအလိုက် ထပ်ဆင့် အခွင့်အရေးများရရှိနိုင်မည် ဖြစ်ပါသည်။ ဤသင်တန်းတွင် ထူးချွန်စွာအောင်မြင်သောသူများသည် အစိုးရနည်းပညာအထက်တန်းကျောင်းမှ မော်တော်ယာဉ်နည်းပညာ သင်တန်းဘာသာရပ် (သို့မဟုတ်) စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်း ဘာသာရပ်တို့ဖြင့် အောင်မြင်ပြီးသူများဖြစ်ပါက သတ်မှတ်အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများတွင် ဖွင့်လှစ်မည့် စက်မှုလယ်ယာနည်းပညာဘာသာရပ်သင်တန်း ပထမနှစ်တွင် တက်ရောက်ရန် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။ စာတွေ့သင်ကြားချိန် (၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့လေ့ကျင့်ချိန် (၇၀)ရာခိုင်နှုန်း သင်ကြားပို့ချမည်ဖြစ်ပါသည်။
သင်တန်းသားအရည်အချင်းသတ်မှတ်ချက်
လျှောက်ထားသူသည်-
(က) အခြေခံပညာအထက်တန်းပြီးမြောက်ပြီးသူ(သို့မဟုတ်) အစိုးရနည်းပညာ အထက်တန်းကျောင်း အောင်မြင်ပြီးသူဖြစ်ရမည်။
(ခ) သင်တန်းစတင် ဖွင့်လှစ်သည့် နေ့ရက်တွင် အသက် (၁၇)နှစ်ပြည့်ပြီး (၂၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဂ) ပြည်ထောင်စု မြန်မာနိုင်ငံသား၊ အမျိုးသား အိမ်ထောင်မရှိသူ(လူပျို) ဖြစ်ရမည်။
(ဃ) ကျန်းမာရေး ကောင်းမွန်ပြီး လယ်ယာသုံးစက်ကိရိယာများကို စိတ်ပါဝင်စားသူ ဖြစ်ရမည်။
သင်တန်းတက်ရောက်ခွင့် ရရှိရေးအတွက် သတ်မှတ်အရည်အချင်းများပြည့်မီမှု ရှိ/မရှိ စိစစ်ပြီး ပြည့်မီသူများအား လူတွေ့၊ နှုတ်မေး စစ်ဆေးခြင်းကို ဖြေဆိုရမည်ဖြစ်၍ အောင်မြင်သူများကို သင်တန်းတက်ရောက်ခွင့်ပြုပါမည်။
သင်တန်းစရိတ်
သင်တန်းကာလမှာ(၁)နှစ်ဖြစ်ပြီး နေထိုင်စရိတ်နှင့်သင်ကြားမှုစရိတ်ကို ဌာနမှကျခံပါမည်။
လစဉ်စားသောက်စရိတ်နှင့် စာအုပ်စာတမ်းကြေးများကို သင်တန်းသားမှ ကျခံရပါမည်။
လျှောက်လွှာရယူလျှောက်ထားနိုင်သည့်နေရာ
သင်တန်းဝင်ခွင့်လျှောက်လွှာများကို စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးရုံး၊ ခရိုင်ဦးစီးဌာနမှူးရုံး၊ မြို့နယ်စက်မှုလယ်ယာစခန်းများတွင် ထုတ်ယူနိုင်ပြီး သင်တန်းတက်ရောက်ခွင့်လျှောက်လွှာ၊ ကတိဝန်ခံချက်၊ အခြေခံပညာ အထက်တန်းပြီးမြောက်ကြောင်း အထောက်အထား (သို့မဟုတ်) အစိုးရနည်းပညာ အထက်တန်းကျောင်း အောင်မြင်ကြောင်း အောင်လက်မှတ်တို့နှင့်အတူ မိမိထုတ်ယူခဲ့သည့်ရုံးတွင် ဝင်ခွင့်လျှောက်လွှာ တင်သွင်းရမည်ဖြစ်သည်။
အသေးစိတ် အချက်အလက်များကို သိရှိလိုပါက စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်)၊ စီမံကိန်းဌာနခွဲ၊ ဖုန်းအမှတ်၊ ၀၆၇-၃၄၃၁၂၄၆ နှင့် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့၊ ဖုန်းအမှတ်၊၀၉-၄၅၈၁၄၉၄၇၁ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
