လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးအား စနစ်တကျ မောင်းနှင်အသုံးပြုနိုင်ရန်နှင့် ပြုပြင်ထိန်းသိမ်းနိုင်ရန် မျိုးဆက်သစ် တောင်သူလယ်သမားလူငယ်များအား စက်မှုလယ်ယာသင်တန်းကျောင်းများ၊ စက်ပြင်အလုပ်ရုံများနှင့် မြို့နယ်စက်မှုလယ်ယာစခန်းများတွင် သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
မိမိတက်ရောက်လိုသည့် သင်တန်း/သင်တန်းကာလနှင့် အနီးစပ်ဆုံး တက်ရောက်နိုင်မည့် သင်တန်းတည်နေရာ အစီအစဉ်တို့ကို မြို့နယ်စက်မှုလယ်ယာစခန်းများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
သင်တန်းသားအရည်အချင်းသတ်မှတ်ချက်
လျှောက်ထားသူသည်-
(က) အခြေခံပညာ အလယ်တန်း/ Grade-9 အောင်မြင်ပြီးသူဖြစ်ရမည်။ (မြို့နယ်စက်မှုလယ်ယာစခန်းများတွင် သင်တန်းတက်ရောက်မည့်သူများသည် အခြေခံပညာအလယ်တန်းအဆင့် တက်ရောက်ဖူးသူ ဖြစ်ရမည်။)
(ခ) သင်တန်းစတင်ဖွင့်လှစ်သည့် နေ့ရက်တွင် အသက် (၁၈)နှစ်မှ (၃၅)နှစ်အတွင်း ဖြစ်ရမည်။
(ဂ) ပြည်ထောင်စု မြန်မာနိုင်ငံသား၊ ကျန်းမာရေး ကောင်းမွန်ပြီး လယ်ယာသုံးစက်ကိရိယာများကို စိတ်ပါဝင်စားသူ ဖြစ်ရမည်။
သင်တန်းစရိတ်
စားသောက်စရိတ်၊ နေထိုင်စရိတ်နှင့်သင်ကြားမှုစရိတ်တို့ကို ဌာနမှကျခံပါမည်။
လျှောက်လွှာရယူလျှောက်ထားနိုင်သည့်နေရာ
သင်တန်းဝင်ခွင့်လျှောက်လွှာများကို စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာစခန်းများတွင် ထုတ်ယူနိုင်ပြီး သင်တန်းတက်ရောက်ခွင့်လျှောက်လွှာ၊ ကတိဝန်ခံချက်၊ သက်ဆိုင်ရာပညာရေးအောင်လက်မှတ်တို့နှင့်အတူ မိမိထုတ်ယူခဲ့သည့်ရုံးတွင် ဝင်ခွင့်လျှောက်လွှာ တင်သွင်းရမည်ဖြစ်သည်။
မိမိလျှောက်ထားသည့် သင်တန်းတွင် ဝင်ခွင့်ရ/မရကို မိမိလျှောက်လွှာပုံစံ ဖြည့်စွက်စာရင်းပေးသွင်းသည့် စက်မှုလယ်ယာစခန်းများသို့ ဖုန်းဖြင့်လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ ပြန်လည်စုံစမ်းမေးမြန်းရပါမည်။
