တောင်သူပိုင်လယ်ယာသုံးစက်ကိရိယာများ ပြင်ဆင်ပေးခြင်း

တောင်သူလက်ဝယ်တွင်လယ်ယာသုံးစက်ကိရိယာများ တစ်နေ့ထက်တစ်နေ့ တိုးတက်ပိုင်ဆိုင်လာသည်နှင့်အမျှ အဆိုပါစက်ကိရိယာများကို စနစ်တကျထိန်းသိမ်းရန်နှင့် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည့်အပြင် စက်မှုလယ်ယာစက်ပြင်ရုံများနှင့် ဒေသအသီးသီးရှိ စက်မှုလယ်ယာစခန်းများတွင် ပြင်ဆင်ရေးကိရိယာများ (Workshop Equipment) တပ်ဆင်ပြီး တောင်သူပိုင်လယ်ယာသုံးစက်ကိရိယာများကို ဌာနဝန်ထမ်းများက ကွင်းဆင်း၍ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

တောင်သူတစ်ဦးချင်းသော်လည်းကောင်း၊ ဝန်ဆောင်မှုအဖွဲ့၊ ပုဂ္ဂိုလ်များမှ သော်လည်းကောင်း ပြင်ဆင်လိုသည့်စက်ကိရိယာအမျိုးအစားနှင့် ချို့ယွင်းသည့်အစိတ်အပိုင်းများအား စက်ကိရိယာများပြင်ဆင်ပေးနိုင်ရန်တင်ပြစာတွင် ဖော်ပြလျက် လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ရေးအလုပ်ရုံဖွင့်လှစ်ထားသည့် စက်မှုလယ်ယာစခန်းများ၊ စက်ပြင် အလုပ်ရုံများသို့ သွားရောက်တင်ပြရမည်ဖြစ်ပါသည်။ ပြင်ဆင်ရမည့်အစိတ်အပိုင်းအတွက် လိုအပ်သောအပိုပစ္စည်းများကို ဌာနမှဝယ်ယူ၍သော်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်သော်လည်းကောင်း လဲလှယ်နိုင်ရန်စီစဉ်ရပါမည်။ ပြင်ဆင်ပေးမည့်သူ၏ ခရီးသွားလာစရိတ်နှင့် စားသောက်စရိတ်များအား ဝန်ဆောင်မှုရယူလိုသူမှ ကျခံရမည်ဖြစ်ပါသည်။