လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ငှားရမ်းဆောင်ရွက်လိုသည့် တောင်သူလယ်သမားများသည် မိမိနေထိုင်ရာမြို့နယ် (သို့မဟုတ်) နီးစပ်ရာမြို့နယ်ရှိ စက်မှုလယ်ယာစခန်းသို့ သွားရောက်ပြီး လယ်ယာဝန်ဆောင်မှုလုပ်ငန်း တောင်းခံစာရင်းဖြင့် လျောက်ထားရမည်။ ၎င်းလယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လိုသော လယ်ယာမြေ ဧကအတွက် ဝန်ဆောင်ခ ပေးသွင်းငွေအား စက်မှုလယ်ယာစခန်းရုံးမှချလံပြုစုပေး၍ တောင်သူများ ကိုယ်တိုင် ဘဏ်သို့ပေးသွင်းရမည်။ ဝန်ဆောင်ခငွေပေးသွင်းပြီးပါက လယ်ယာသုံးစက်ကိရိယာဖြင့် လုပ်ကိုင်ခွင့်အမိန့် ထုတ်ပေးပြီး စက်မောင်းနှင့်အတူ စက်ကို ငှားရမ်းသည့် တောင်သူများ၏ လယ်ကွင်းသို့ စေလွှတ်ပါသည်။ လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းပြီးစီးမှုစာရင်းတွင် တောင်သူတို့မှ ပြီးစီးကြောင်း လက်မှတ်ရေးထိုးပေးရမည်ဖြစ်ပါသည်။
နည်းပညာသစ်စက်ကိရိယာများအသုံးပြုခြင်း၏အကျိုးကျေးဇူးများ
ဘယ်ပြန်၊ ညာပြန်သိပ္ပံထယ်အသုံးပြုခြင်း၏အကျိုးကျေးဇူးများ
- ထယ်တွင်မြေမာထိုးခွဲသော စူးချွန်ပါရှိခြင်းကြောင့် မြေမာကိုဦးစွာထိုးခွဲပြီးမှ ထယ်သွား/ ထယ်ရွက်များ လိုက်ဝင် ထယ်ထိုးရသဖြင့် စက်သက်သာမှုရှိခြင်း။
- ထယ်သွားကျယ်၍ ထယ်ရွက်ကြီးပြီး စူးချွန်၊ ထယ်သွား၊ ထယ်ရွက်များတည်ဆောက်ထားမှု ကောင်းမွန်သဖြင့် မြေစူးအနက်ကိုရရှိခြင်း။
- ထယ်သွားများအား အပေါ်အောက်လှည့်၍ ပြောင်းလဲနိုင်သဖြင့် ငန်းဖွဲ့ထယ်ထိုးစရာ မလိုခြင်းကြောင့် စက်သက်သာစွာဖြင့် လုပ်ငန်းပြီးစီးမှုမြန်ဆန်၍ အချိန်ကုန်သက်သာခြင်း။
Subsoiler အသုံးပြုခြင်း၏အကျိုးကျေးဇူးများ
- Soil Compaction ကြောင့် ကျစ်လျစ်သိပ်သည်းမှု ဖြစ်ပေါ်နေသောမြေလွှာ(Hardpan)များကို ထိုးခွဲနိုင်ခြင်းကြောင့် မြေဆီလွှာအတွင်းသို့ ရေကောင်းစွာစိမ့်ဝင်နိုင်ခြင်း။
- Hardpan ကိုထိုးခွဲနိုင်ခြင်းကြောင့် ဒုံပေါက်မှုပြဿနာကို ကာကွယ်ထိန်းသိမ်းနိုင်ခြင်း။
- မြေဆီလွှာအတွင်း အမြစ်များ အလွယ်တကူ ထိုးဖောက်ဝင်ရောက်ကြီးထွားနိုင်ခြင်း။
- Hardpan အလွှာအောက်မှ အစိုဓါတ်အား အပေါ်ယံမြေဆီလွှာမှ အလွယ်တကူစုပ်ယူရရှိနိုင်ခြင်း။
- အောက်ဆီဂျင်နှင့်နိုက်ထရိုဂျင် လုံလောက်စွာရရှိခြင်းကြောင့် အပင်များရှင်သန်ကြီးထွားမှုကို ပိုမိုကောင်းမွန်စေခြင်း။
မျိုးစေ့ချကိရိယာအသုံးပြုခြင်း၏အကျိုးကျေးဇူးများ
- ပင်ကြား၊ တန်းကြားညီညာစွာ စိုက်ပျိုးထားခြင်းကြောင့် ကြားပေါင်းလိုက်ရန် လွယ်ကူခြင်း။
- မျိုးစေ့သည် မြေကြီးအောက်အစိုဓါတ်ရှိသော နေရာသို့ရောက်ရှိပြီး မြေပြန်ဖုံးပေးသောကြောင့် အပင်ပေါက်နှုန်းကောင်းမွန်ခြင်း။
- ကြက်၊ ငှက် တိရစ္ဆာန်များ ကောက်ယူစားသုံးနိုင်မှု မရှိခြင်း။
- အပင်လေဝင်လေထွက် ကောင်းမွန်၍ သီးနှံဖြစ်ထွန်းမှု ပိုမိုကောင်းမွန်စေပြီး အထွက်နှုန်းတိုးစေခြင်း။
- ကုန်ကျစရိတ် သက်သာစွာဖြင့် ရာသီချိန်မီစိုက်ပျိုးနိုင်ခြင်း။
ကြံစိုက်စက်အသုံးပြုခြင်း၏အကျိုးကျေးဇူးများ
- ပင်ကြား၊ တန်းကြားညီညာစွာ စိုက်ပျိုးထားခြင်းကြောင့် ကြားပေါင်းလိုက်ရန် လွယ်ကူခြင်း။
- ကြံအပိုင်းများအား သတ်မှတ်မြေအနက်၌ မြှပ်နှံစိုက်ပျိုးပေးနိုင်သဖြင့် ကြံအထွက်နှုန်း ကောင်းမွန်ခြင်း။
- ကုန်ကျစရိတ် သက်သာစွာဖြင့် ရာသီချိန်မီစိုက်ပျိုးနိုင်ခြင်း။
ပြောင်းဖူးရိတ်သိမ်းခြွေလှေ့စက်အသုံးပြုခြင်း၏အကျိုးကျေးဇူးများ
- ကုန်ကျစရိတ်သက်သာစွာဖြင့် ပြီးစီးမှုမြန်ဆန်ခြင်း
- သီးနှံလေလွင့်ဆုံးရှုံးမှုနည်းပါးပြီး အထွက်နှုန်းကောင်းစေခြင်း
- လုပ်သားလိုအပ်ချက်အား လျော့ချနိုင်ခြင်း။
- သယ်ပို့ယာဉ်ပေါ်သို့ ရိတ်ပြီးပြောင်းဖူးများအား တိုက်ရိုက်တင်နိုင်ခြင်း
ကောက်ရိုးထုံးစက်အသုံးပြုခြင်း၏အကျိုးကျေးဇူးများ
- လယ်ကွင်းအတွင်းရှိ ကောက်ရိုးများအား ကောက်ရိုးထုံးစက်ကို အသုံးပြု၍ သိမ်းဆည်းနိုင်သဖြင့် အလွယ်တကူ မြေပြုပြင်နိုင်ခြင်း။
- ကောက်ရိုးများကို အထုံးများပြုလုပ်နိုင်ခြင်းကြောင့် တနေရာမှတနေရာသို့ အလွယ်တကူသယ်ယူနိုင်ခြင်း။
- ကောက်ရိုးထုံးများကို အဆင့်ဆင့်ထပ်၍ ဂိုဒေါင်အတွင်း အများအပြား သိုလှောင်သိမ်းဆည်းနိုင်ခြင်း။
- တိရစ္ဆာန်အစာအတွက် မိမိလိုအပ်သောအချိန်တွင် အလွယ်တကူ ထုတ်ယူအသုံးပြုနိုင်ခြင်း။
- တိရစ္ဆာန်အစာနှင့် အခြားလုပ်ငန်းများအတွက် လိုအပ်သော အခြားတောင်သူများကို ရောင်းချခြင်းဖြင့် အပိုဝင်ငွေထပ်မံရရှိခြင်း။
