၁၉၂၁ ခုနှစ်မှ သိပ္ပံထယ်၊ မျိုးစေ့ချကိရိယာ၊ ကောက်စိုက်ကိရိယာ၊ ရေစုပ်ပန့်ကဲ့သို့သော လယ်ယာစက်မှုတပ်ဆင်ရေးလုပ်ငန်းများကို အစပျိုးခဲ့ရာမှ HANOMAG ထွန်စက်၊ INTERNATIONAL HARVESTER(T.D-9) သံကြိုးပတ်ထွန်စက်များဖြင့် စပါးစိုက်ဧကများတွင် စမ်းသပ်ထွန်ယက်ပေးနိုင်ခဲ့ပါသည်။ ၁၉၄၉ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနအောက်တွင် ထွန်စက်၊ ယန္တရား တပ်ဆင်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး စက်မှုလယ်ယာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ်တွင် ဘုတ်အဖွဲ့အစား စိုက်ပျိုးရေးအင်ဂျင်နီယာဌာနကို ဖွဲ့စည်းကာ သံကြိုးပတ်ထွန်စက်များဖြင့် မြေရိုင်းဖော်ထုတ်ခြင်းနှင့် တောင်သူပိုင်လယ်မြေများကို အခကြေးငွေဖြင့် ထွန်ယက်ပေးခဲ့ပါသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်မတိုင်မီ ထွန်စက်အမျိုးအစား(၁၆)မျိုးဖြင့် ဘီးတပ်ထွန်စက် (၄၂၉)စီးနှင့် သံကြိုးပတ်ထွန်စက်(၈၅)စီး ဝယ်ယူဖြည့်တင်းခဲ့ပါသည်။
တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၂ ခုနှစ်တွင် မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်း(မြေ-ကျေး-ရှင်း)တွင် “စက်မှုလယ်ယာစီမံကိန်း” တစ်ရပ်ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကော်ပိုရေးရှင်းမှ ထွန်စက်(၁၀၀၀)၊ ထွန်စက်စခန်း (၃၈)ခု နှင့် လက္ကားသမဝါယမအဖွဲ့ချုပ်က ထွန်စက်အစီး(၁၀၀၀)၊ ထွန်စက်စခန်း(၂၀)ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၁၉၇၂ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ အမိန့်ကြေငြာချက် အမှတ်(၉၇)အရ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနအောက်ရှိ မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုးရေးရှင်း(မြေ-ကျေး-ရှင်း)မှ စက်မှုလယ်ယာစီမံကိန်းကို ခွဲထုတ်ကာ စက်မှုလယ်ယာဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်က ဌာနအား ဦးဆောင်ဦးရွက်ပြုပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (၂) ဦး၊ ညွှန်ကြားရေးမှူး (၁၉) ဦးအပါအဝင် အရာထမ်း (၅၀၁) ဦးနှင့် အမှုထမ်း (၁၁၃၉၁) ဦး၊ စုစုပေါင်းဝန်ထမ်း (၁၁၈၉၂) ဦးဖြင့် ဖွဲ့စည်းထားရှိပြီး လက်ရှိခန့်ထားအင်အား အရာထမ်း (၄၀၂) ဦး၊ အမှုထမ်း (၄၇၉၉) ဦးဖြင့် ဌာနတာဝန်များ ဆောင်ရွက်လျက်ရှိပါသည်။ (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်ထိ)