စက်မှုလယ်ယာစနစ်ကျလယ်မြေနှင့်
ကုန်းမြင့်လယ်ယာမြေများဖော်ထုတ်ခြင်း
စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ပုံသဏ္ဍာန်အမျိုးမျိုး၊
အရွယ်အစားအမျိုးမျိုးနှင့်
အချိုးအစားမညီသော လယ်ကွက်ငယ်များကို စက်ကိရိယာများ စက်စွမ်းအားပြည့် အသုံးပြုဆောင်ရွက်နိုင်သော
စက်မှုလယ်ယာစနစ်ကျလယ်ကွက်များအဖြစ်သို့ ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရွှေ့ပြောင်းတောင်ယာစနစ်ကို
အမှီပြုနေရသည့် ကုန်းမြင့်ဒေသနေပြည်သူများ လူနေမှုဘ၀ မြင့်မားလာစေရေး၊
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရေးအတွက် ကုန်းမြင့်တောင်တန်းဒေသတို့တွင် လှေကားထစ်လယ်ယာမြေ၊
ကုန်းမြင့်လယ်ယာမြေဖေါ်ထုတ်ရေးလုပ်ငန်းများကိုလည်း ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင်
တစ်ပိုင်တစ်နိုင် အသေးစားလယ်ယာသုံးစက်ကိရိယာများအသုံးပြုနိုင်ရေးအတွက် သရုပ်ပြခြင်း၊ သင်တန်းပေးခြင်း၊
အရစ်ကျဖြန့်ဖြူးပေးခြင်း
လုပ်ငန်းများကိုလည်း ဌာနက ဆောင်ရွက်ပေးလျက်ရှိပါသည်။
စနစ်ကျလယ်မြေ/ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်လိုသည့်တောင်သူ/ကုမ္ပဏီ/အဖွဲ့အစည်းများမှ
စနစ်ကျလယ်မြေ/ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ပေးပါရန် လျှောက်လွှာနှင့်အတူ
သက်ဆိုင်ရာစက်မှုလယ်ယာစခန်း/ရုံးများသို့ ပေးပို့လျှောက်ထားရန် ဖြစ်ပါသည်။
စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်း
လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် အဓိကကျသော အခြေခံအချက်ဖြစ်သည့်
စက်မှုလယ်ယာစနစ်ကျလယ်မြေများကို နိုင်ငံတစ်ဝန်းတိုးတက်ပေါ်ထွန်းလာစေခြင်းဖြင့် လယ်ယာကဏ္ဍအား
အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပါသည်။
စက်မှုလယ်ယာစနစ်ကျလယ်ကွက်အင်္ဂါရပ်များ
-
လယ်ကွက်များတွင် ကုန်ထုတ်လမ်းပါရှိခြင်း။
-
လယ်ကွက်တစ်ကွက်ချင်းအနေဖြင့် စက်စွမ်းအားပြည့် အသုံးပြုနိုင်မည့် လုံလောက်သော
အကျယ်အဝန်းရှိခြင်း။
-
လယ်ကွက်များသည် ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိခြင်း။
-
မြေမျက်နှာပြင်ညီညာမှုရှိခြင်း။
-
ရေသွင်း၊ရေထုတ်မြောင်းများပါရှိခြင်း။
-
ကန်သင်းများကောင်းမွန်ခြင်း။
စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ
-
စနစ်ကျလယ်ကွက်များတွင် ရေသွင်း၊ ရေထုတ်မြောင်းများပါရှိခြင်းကြောင့် စိုက်ပျိုးသောသီးနှံများအတွက်
ရေကို လိုသလို အသွင်း၊ အထုတ်လုပ်နိုင်ခြင်း။
-
လယ်မြေများ၏ မြေပြင်ညီညာပြန့်ပြူးမှုရှိခြင်းကြောင့် စိုက်ပျိုးရေသုံးစွဲရာတွင် ယခင်သုံးစွဲနေကျ
ရေပမာဏထက် လျှော့ချသုံးစွဲနိုင်ခြင်။
-
လယ်ကွက်များ၏ ပုံသဏ္ဍာန်နှင့် အကျယ်အဝန်းမှန်ကန်ခြင်းကြောင့် စက်ကိရိယာပစ္စည်းများ စက်စွမ်းအားပြည့်
မောင်းနှင်အသုံးပြုနိုင်သည့်အပြင် လောင်စာဆီ ကုန်ကျမှု လျော့နည်းသက်သာစေခြင်း။
-
စိုက်ပျိုးရေအနည်းအများကို လိုသလိုထိန်းညှိနိုင်ခြင်းကြောင့် စပါးပင်ပွားကို လိုသလို
မျှတစွာရရှိနိုင်ပြီး သီးနှံအထွက်နှုန်းကို တိုးတက်ထွက်စေနိုင်ခြင်း။
-
သီးနှံများကို ရိတ်သိမ်းရာတွင် ရိတ်သိမ်းခြွေလှေ့စက်ကြီးများကို အသုံးပြုပြီး အချိန်မီ
ရိတ်သိမ်းခြွေလှေ့နိုင်သောကြောင့် သီးနှံအရည်အသွေးကောင်းမွန်ခြင်း၊ အလေအလွင့်နည်းပါးခြင်းနှင့်
အထွက်နှုန်းတိုးတက်ရရှိခြင်း။
-
လယ်ကွက်ဘေးတွင် ကုန်ထုတ်လမ်းပါရှိခြင်းကြောင့် ရိတ်သိမ်းပြီးသည့် သီးနှံများအား အမိုးအကာအောက်သို့
လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နှင့် သယ်ယူပို့ဆောင် သိုလှောင်နိုင်မည်ဖြစ်သည့်အတွက်
သီးနှံများပျက်စီးလေလွင့်မှု နည်းပါးစေပြီး အရည်အသွေးကောင်းသီးနှံများ ရရှိစေခြင်း။
-
စနစ်ကျလယ်ကွက်များတွင် လယ်ယာသုံးစက်ကိရိယာများ အချိန်မရွေး၊ ရာသီမရွေး ဝင်ရောက်
လုပ်ကိုင်နိုင်မည်ဖြစ်သည့်အတွက် တစ်သီးစားမှ နှစ်သီး၊ သုံးသီးစားထိ တိုးချဲ့ စိုက်ပျိုးနိုင်ခြင်း။
စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ရေးလုပ်ငန်း စီမံကိန်းနေရာရွေးချယ်ခြင်း
-
စီမံကိန်းဧရိယာအတွင်း ပါဝင်သည့်လယ်သမားအားလုံးသည် လိုလားစွာဆောင်ရွက်ရန် ဆန္ဒရှိခြင်း။
-
လယ်မြေဖြစ်ပြီး အနည်းဆုံးတစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀)ရှိခြင်း။
-
အရှုပ်အရှင်းကင်းသည့်(ပုံစံ(၇)ရရှိပြီး) ဦးပိုင်ပေါက်လယ်ကွက်များဖြစ်ခြင်း။
-
စီမံကိန်းဆောင်ရွက်မှုကြောင့် ပတ်ဝန်းကျင်လယ်မြေများ ထိခိုက်မှုမရှိစေခြင်း။
-
တောင်သူတစ်ဦးချင်း ပိုင်ဆိုင်မှု ပျမ်းမျှ(၂)ဧကနှင့်အထက် ရှိခြင်း။
-
ဆည်ရေသောက်စနစ်ခိုင်မာမှုရှိပြီး ဆည်ရေရရှိနိုင်သည့် ဒေသဖြစ်ခြင်း။
- လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း။
- လယ်ယာသုံးစက်ကိရိယာများ အသုံးပြုလျက်ရှိခြင်း။
- စနစ်ကျလယ်ဖော်ဆောင်ပြီး လယ်ကွက်များအား ရေရှည်တည်တံ့စေရန် ကန်သင်းပြုပြင်ခြင်း၊ ရေသွင်းမြောင်း၊
ရေထုတ်မြောင်းများပြုပြင်ခြင်း၊
ကုန်ထုတ်လမ်းများထိန်းသိမ်းခြင်းနှင့် လယ်ယာသုံးစက်ကိရိယာများ
ရာနှုန်းပြည့်အသုံးချစိုက်ပျိုးနိုင်အောင် အားထုတ်လိုသည့်ဒေသဖြစ်ခြင်း။
စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ရေးလုပ်ငန်းခွင်
ဖော်ထုတ်ပြီးစက်မှုလယ်ယာစနစ်ကျလယ်မြေများ
ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်း
ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ
-
ဒေသအလိုက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုတွင် နှစ်စဉ်ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်နိုင်ခြင်းဖြင့်
ဒေသခံတိုင်းရင်းသားများ ဆန်ဖူလုံသွားမည် ဖြစ်ပါသည်။
-
ရွှေ့ပြောင်းတောင်ယာစနစ်ကို မှီခိုနေထိုင်သူဒေသခံများသည် ကောင်းမွန်စွာ အခြေချ နေထိုင်လာပြီး လူနေမှုအဆင့်အတန်း တိုးတက်လာနိုင်ပါသည်။
-
ကုန်းမြင့်လှေကားထစ်စပါးစိုက်ခင်းကို အခြေခံ၍ နှစ်သီးစားသီးနှံပုံစံသို့ ပြောင်းလဲ စိုက်ပျိုးလာနိုင်ပါသည်။
-
လှေကားထစ်စိုက်ပျိုးရေးစနစ်ကြောင့် မြေဆီလွှာပျက်စီးပြုန်းတီးမှုကို ကာကွယ် တားဆီးနိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ဖြစ်စေပါသည်။
ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းဆောင်ရွက်ခြင်း အခြေခံမူများ
-
စိုက်ပျိုးမည့်သီးနှံအမျိုးအစား၊ ရေရှိမှုအခြေအနေ၊ ကုန်းမြင့်၏ ဆင်ခြေလျှောအနေအထား၊
တောင်သူများ၏ဆန္ဒလိုလားချက်များကို ညှိနှိုင်းပေါင်းစပ်၍ တောင်စောင်းလယ်ယာမြေ ဖော်ထုတ်နိုင်ခြင်း
(သို့မဟုတ်) လှေကားထစ်လယ်ယာမြေ ဖော်ထုတ်နိုင်ခြင်း (သို့မဟုတ်) တောင်စောင်းလယ်ယာမြေနှင့်
လှေကားထစ်လှေကားထစ်လယ်ယာမြေ ပေါင်းစပ်ဖော်ထုတ်နိုင်ခြင်း။
-
ဒေသခံများ အလွယ်တကူ လက်ခံဆောင်ရွက်နိုင်ခြင်း။
-
ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးသည့် ဒေသခံများသည် ကုန်းမြင့် လယ်ယာမြေဖော်ထုတ်ရာတွင်
ပါဝင်ပူးပေါင်းအကောင်အထည်ဖော်ခြင်း။
-
မြေဆီလွှာပျက်စီးဆုံးရှုံးမှုကို တားဆီးကာကွယ်နိုင်ခြင်း။
-
ဝင်ငွေရသီးနှံ တစ်မျိုးမျိုးကို အခြေခံပြီး သီးထပ်သီးနှံတစ်မျိုး စိုက်ပျိုးနိုင်ခြင်း။
-
ဒေသဝမ်းစာဖူလုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို အထောက်အကူပြုခြင်း။
ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်း စီမံကိန်းနေရာရွေးချယ်ခြင်း
-
ရွေ့ပြောင်းတောင်ယာ လုပ်ကိုင်နေသူများ လက်ရှိနေထိုင်သောအခြေအနေနှင့် အသင့်လျော်ဆုံး နေရာဖြစ်ခြင်း။
-
စိုက်ပျိုးရန်မြေသဘာဝအခြေအနေပေးသည့်နေရာဖြစ်ခြင်း။
-
တောင်စောင်းဆင်ခြေလျှောအနေအထားအပေါ်စိစစ်ရွေးချယ်ခြင်း။
-
ကျေးရွာသစ်ထူထောင်ရန်လိုအပ်ပါက ပြန်လည်နေရာချထားရန် သင့်လျော်သည့်နေရာ ဖြစ်ခြင်း။
ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းခွင်
ဖော်ထုတ်ပြီး ကုန်းမြင့်လယ်ယာမြေများ